ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 နှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

Trending & NEW
27/07/2017
245 views
ပြည်သူလူထုအနေဖြင့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်နိုင်

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 နှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး ။ ။ အခုဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 ဖြစ်ပွားမှု နဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို သိပါရစေ။

ဖြေ ။ ။ ဇူလိုင် ၂၅ ရက်အထိ သံသယရှိ လူနာ ၃၁ ဦးတွေ့ရှိထားပါတယ်။ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm 2009 ပိုး ဟုတ်၊ မဟုတ် ဓာတ်ခွဲအတည်ပြုတဲ့အခါမှာ ရောဂါပိုးရှိသူ ၂ဝ ကို တွေ့ ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ပိုးတွေ့ရှိသူ ငါးယောက် တက်ရောက်ကုသနေပြီးတော့ ဒီထဲက သုံးယောက် ဆုံးပါး သွားပါတယ်။ ရန်ကင်းကလေးဆေးရုံမှာ နှစ်ယောက် တွေ့ပါ တယ်။

မေး ။ ။ H1N1ရောဂါပိုးကူးစက်ခံရတဲ့သူတွေက ဘယ်မြို့နယ်၊ ဘယ်နေရာ ဒေသတွေကပါလဲခင်ဗျာ။

ဖြေ ။ ။ ဇူလိုင်လထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့မှာ စတင် ဖြစ်ပွားပြီးတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးမှာ ဖြစ်ပွား တာတွေ့ရပါတယ်။ ပိုးတွေ့တာ ၂ဝ ရှိပါတယ်။ ဒီပိုးကြောင့် သေဆုံးသူက သုံးယောက်ဖြစ်ပါတယ်။ မတူပီမှာ သေဆုံးသွား တဲ့ကလေးမှာက ပိုးမတွေ့ပါဘူး။

မေး ။ ။ Seasonal Influenza A (H1N1) pdm 2009 ရောဂါဟာ ကုသလို့ပျောက်ကင်းပါသလား ခင်ဗျာ။

ဖြေ ။ ။ ကုသခြင်းထက်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။ ရာသီတုပ်ကွေးရောဂါကို ဆောလျင်စွာတွေ့ရှိ ကုသရင် ရောဂါပြင်းထန်မှု၊ အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင် ပါတယ်။ အဓိကကတော့ နှာချေချောင်းဆိုးတာကနေ အသက်ရှူလမ်းကြောင်းက ကူးတာပါ။ မပြင်းထန်တဲ့ အမျိုးအစားနဲ့ ပြင်းထန်တဲ့အမျိုးအစားဆိုပြီးတော့ ရှိပါတယ်။ ရိုးရိုးဖျားတယ်၊ နာတယ်၊ ကိုက်ခဲတယ်။ ဒါက အမျိုးအစား မပြင်းထန်တဲ့ဟာ။ ရင်ကျပ်တယ်၊ အသက်ရှူ ခက်တယ်၊ အဖျား ကြီးတယ်၊ သတိလစ်တယ်၊ ဂနာမငြိမ်ဖြစ်တယ်ဆိုတာက ပြင်းထန်တဲ့ အမျိုးအစားပါ။

မေး ။ ။ ဘယ်အခြေအနေမှာ အသက်ဆုံးရှုံးမှုဖြစ်နိုင်ပါသလဲ။

ဖြေ ။ ။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါရှိသူတွေ၊ ခုခံအားကျဆင်းမှုရှိသူတွေမှာ ဖြစ်ပွားရင် ရောဂါပိုမိုပြင်းထန် ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ အသက်အရွယ်အပိုင်းအခြား မရွေး ဖြစ်ပွားနိုင်ပါတယ်။

မေး ။ ။ ဘယ်လိုကူးစက်နိုင်ပါသလဲ။

ဖြေ ။ ။ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ပါတယ်။ ရောဂါပိုးရှိတဲ့သူနှာချေတာ၊ ချောင်းဆိုးတာ ကနေ တိုက်ရိုက်သော်လည်းကောင်း၊ ရောဂါဖြစ်သူရဲ့ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်အရည်၊ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ထိတွေ့ခြင်းကသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။

မေး ။ ။ ကူးစက်မခံရအောင် ဘယ်လိုကာကွယ်ရမလဲခင်ဗျာ။

ဖြေ ။ ။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်တာ၊ နှာချေ၊ ချောင်းဆိုးရင် ပါးစပ်၊ နှာခေါင်းကိုအုပ်ပြီး လက်ကိုင်ပဝါ၊ တစ်ရှူးနဲ့ တစ်ခါသုံး ပါးစပ်၊ နှာခေါင်းစည်းတွေ အသုံးပြုရပါမယ်။
လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာဆေးကြောခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝတဲ့ အစားအစားများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း၊ လေကောင်း၊ လေသန့်ရရှိအောင် ဆောင်ရွက် နေထိုင်ခြင်း၊ လူထူထပ်တဲ့နေရာတွေကို သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါမကူးစက်စေဖို့ နှာခေါင်းနဲ့ ပါးစပ်ကို လုံအောင် ဖုံးအုပ်တဲ့ ပါးစပ်၊ နှာခေါင်းစည်း (Mask) ကို အသုံးပြုခြင်း၊ မိမိ သို့မဟုတ် တစ်ဦးဦးတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန တွေကို သတင်းပေးပို့ ကုသမှုခံယူပြီး အထက်ကဖော်ပြထားတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက် ရပါမယ်။ ရာသီ တုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်တွေကို လိုက်နာ ဆောင်ရွက်ရပါမယ်။

ကာကွယ်ဆေးတွေတော့ ပေါ်တော့ပေါ်နေပါတယ်။ ကာကွယ်ဆေး အမျိုးအစား သုံးလေးမျိုးရှိပါတယ်။ တချို့ ကာကွယ်ဆေးတွေက ၁ဝဝ ရာခိုင်နှုန်း ကာကွယ်မှုမပေးနိုင်ဘူး။ ထိုးပြီးရင် ၅ဝ ရာခိုင်နှုန်း၊ ၆ဝ ရာခိုင်နှုန်းပဲ ကာကွယ်ပေးနိုင်တဲ့ အခါကျတော့ စဉ်းစားရပါတယ်။ ရာနှုန်းပြည့် အာနိသင်ရှိတဲ့ အမျိုးအစားကတော့ မရှိသေးပါဘူး။ ဒါ့ကြောင့် ကာကွယ်ဆေး ကတော့ လေ့လာတုန်းပါ။ ဒါနဲ့ပတ်သက်ပြီး ထပ်ပြီးတော့ ထုတ်ပြန်ပါ့မယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ပြည်ထောင်စုဝန်ကြီးနဲ့ ပညာရှင်တွေ တွေ့ဆုံပြီး နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ သုံးသင့်၊ မသုံးသင့် အဖွဲ့နဲ့ ဆုံးဖြတ်ပြီးမှ ပြည်သူလူထုအတွက် အကျိုးရှိမယ်ဆိုရင် နှောင့်နှေးမနေပါဘူး။ ဘယ်လောက်ကုန်ကုန် ဝယ်ပြီးတော့ သုံးမှာပါ။

မေး ။ ။ ဒီရောဂါဖြစ်ပွားသူတွေကို ရန်ကုန်က ဆေးရုံကြီးတွေဆီ ပို့ဆောင်ကုသပေးနေတယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုနည်းပညာတွေ ပိုမိုရရှိနိုင်တဲ့အတွက် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ဆေးရုံတွေက ရောဂါပြင်းထန်တဲ့လူနာတွေကို လွှဲပေး လေ့ရှိပါတယ်။ ဝေဘာဂီဆေးရုံက ကူးစက်ရောဂါကုဆေးရုံဖြစ် တဲ့အတွက် ပိုပြီးစနစ်ကျပါတယ်။ Infection Control က ပိုပြီးစနစ်ကျပါတယ်။ ဝေဘာဂီဆေးရုံမှာ လိုအပ်တာတွေ ပြင်ဆင်နေပါတယ်။ အနည်းဆုံးလူနာ ၁ဝ ဦးလောက် ထားနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျန်တဲ့ အခြား ဆေးရုံတွေကိုလည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်။ တိုင်း ဒေသကြီး/ပြည်နယ်တွေရဲ့ မြို့ကြီးတွေမှာလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ ကပ်ရောဂါအသွင် ဖြစ်လာနိုင်တဲ့ အခြေအနေရှိပါသလားခင်ဗျာ။

ဖြေ ။ ။ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက် တွေကို လိုက်နာဆောင်ရွက်တာ၊ မိမိမှာ တုပ်ကွေးရောဂါလက္ခဏာ တွေ ဖြစ်ပွားတယ်လို့ သံသယရှိရင် နီးစပ်ရာကျန်းမာရေးဌာနနဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြန်ဆုံး သတင်းပေးပို့ ကုသမှုခံယူ တာတွေ ပြုလုပ်ရင် ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ကုသနိုင်မှာဖြစ်ပါတယ်။

အထူးစိုးရိမ်ကြောင့်ကြဖို့မလိုပါဘူး။ H1N1 ကို ကူးစက်မှုမပြန့်ပွားအောင် Containment နည်းလမ်းနဲ့ ဆောင်ရွက်နေပါတယ်။ ရောဂါဖြစ်ပွားတာ မှန်ပေမယ့် ကပ် ရောဂါအသွင်မဟုတ်ပါဘူး။ လောလောဆယ်မှာ Public Health Emergency အဖြစ် မကြေညာသေးပါဘူး။ ကာကွယ် ထိန်းချုပ်နိုင်တဲ့ အဆင့်အဖြစ်ပဲ သတ်မှတ်ပါတယ်။ ကူးစက် ပြန့်ပွားမှုမရှိအောင် ပိုးတွေ့တာနဲ့ တွေ့တဲ့နေရာကို ရောဂါတုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့ကို စေလွှတ်ပါတယ်။ ပြီးတော့ အနီးမှာရှိတဲ့ သူတွေကိုပါ စောင့်ကြပ်ကြည့်ရှုပါတယ်။ ပိုးတွေ့တဲ့ လူနာကို ဆေးရုံမှာထားပြီးတော့ စောင့်ကြပ်ကြည့်ရှုပါတယ်။ ဆေးရုံမှာ သီးသန့်ထားပြီး ကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ ပြည်သူလူထု ထိရောက်မှုအနည်းဆုံးဖြစ်အောင် နည်းလမ်း ပေါင်းစုံနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ ရောဂါပြန့်ပွားမှုမရှိအောင် ဘယ်လိုထိန်းချုပ်နေပါသလဲ။

ဖြေ ။ ။ ရောဂါဖြစ်ပွားသူတွေကို သီးခြားထားရှိကုသခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့သူတွေကို စောင့်ကြပ် ကြည့်ရှုခြင်း စတဲ့နည်းလမ်းတွေနဲ့ ရောဂါပြန့်ပွားမှုမရှိအောင် ထိန်းချုပ်နေပါတယ်။ လေဆိပ်မှာရော နယ်စပ်ဝင်ပေါက်/ထွက်ပေါက်တွေမှာပါ Ethical အရ ကိုယ့်နိုင်ငံမှာဖြစ်ပွားရင် တခြားနိုင်ငံကို မကူးစက်အောင်နဲ့ တခြားနိုင်ငံမှာ ဖြစ်ပွားရင် ကိုယ့်နိုင်ငံကို မကူးစက်အောင် စစ်ဆေးနေပါတယ်။ ခါတိုင်း အဝင်မှာ စစ်ဆေးပေမယ့် အခု အဝင်မှာရော အထွက်မှာပါ စစ်ဆေးနေပါတယ်။ ရောဂါထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့က တိုင်းဒေသကြီးနဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့တွေ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွေ နောက်တစ်ခါ ကုသရေးဦးစီးဌာနက ဆေးရုံကြီးကအဖွဲ့တွေကို ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့တင်မကဘဲ သက်ဆိုင်ရာအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့ အစည်းတွေ၊ အခြားသောဝန်ကြီးဌာနတွေ အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိန်းချုပ်ဖို့ ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းနဲ့ တင်မပြီးပါဘူး။ ပြည်သူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေလည်း ပါရမယ်။ အားလုံးဝိုင်းဝန်းဆောင်ရွက်မှ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

မေး ။ ။ ဒီရောဂါဟာ အရင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ဖူးတာရှိပါသလား။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ ၂ဝဝ၉ ခုနှစ်ကနေ၂ဝ၁၆ ခုနှစ်အထိ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1)pdm 2009)ဖြစ်ပွားသူဦးရေ ၄၅၆ ဦးရှိခဲ့ပါတယ်။ အခု ဖြစ်ပွားနေတာက လူတွေမှာဖြစ်ပွားတဲ့ ရာသီတုပ်ကွေးပိုး ဖြစ်ပါတယ်။ ၂ဝဝ၉ မတိုင်ခင်က ဝက်တွေမှာဖြစ်ပွားတဲ့ တုပ်ကွေး ပိုးဖြစ်ပါတယ်။ ဒီနောက်မှာ လူတွေကို ကူးစက်ပြီး အခုကတော့ လူသားတွေအချင်းချင်းကူးစက်တဲ့ ရာသီတုပ်ကွေးပိုး အမျိုးအစားဖြစ်ပါတယ်။ ဝက်တုပ်ကွေးလို့ မခေါ်ပါဘူး။

မေး ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းဖြေရှင်းဖို့ ဆောင်ရွက်နေတာ ရှိပါသလား။ ဘယ်လိုအကူအညီတွေ တောင်းထားပါသလဲ။

ဖြေ ။ ။ အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဋ္ဌာန်းချက်(၂ဝဝ၅)အရ WHOနဲ့ ချိတ်ဆက်ပြီး ရောဂါဖြစ်ပွားမှုအနေအထား ထုတ်ပြန်တင်ပြခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ ရှိပါတယ်။ International Health Regulation အရ နိုင်ငံတကာ သံရုံးတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို လည်း ဆက်သွယ်အကြောင်းကြားပြီးဖြစ်ပါတယ်။ WHOကို ဒီနေ့ပဲ ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ Official Report တင်လိုက်ပြီ ဖြစ်ပါတယ်။ WHO မှာ လိုအပ်တဲ့ အကူအညီပေးဖို့လည်း တောင်းခံထားပါတယ်။

မေး ။ ။ ဒီရောဂါကို ကာကွယ်တားဆီးဖို့ ရှေ့ဆက် ဘယ်လို ဆောင်ရွက်သွားမလဲ။

ဖြေ ။ ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ရာသီတုပ်ကွေးရောဂါ ကာကွယ် ထိန်းချုပ်ရေးသတိပေးနှိုးဆော်ချက် ထုတ်ပြန်ခြင်း၊ ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ စာစောင်ထုတ်ဝေ ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာ၊ Myanmar CDC ရဲ့ Facebook စာမျက်နှာ တွေ၊ သတင်းစာနဲ့ ဂျာနယ်စာစောင်တွေမှာ ဖော်ပြခြင်း၊ ကျန်းမာရေးပညာပေးလုပ်ငန်းတွေကို ဆေးရုံကြီးတွေ၊ မြို့နယ် အဆင့်နှင့် ပြည်သူလူထုအတွင်းပိုမို တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းတွေ အတွက် လမ်းညွှန်ချက်တွေထုတ်ပြန်ခြင်း၊ ဆေးရုံတွေမှာ လိုအပ်တဲ့ Rapid Diagnostic Test Kits တွေ၊ လက်သန့်စင် ဆေးရည်တွေ၊ နှာခေါင်းစည်းတွေ၊ ပိုးသတ် ဆေးရည်တွေ ဖြန့်ဝေထားခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ ရန်ကင်းကလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကလေးနှစ်ဦးမှာ H1N1 နဲ့ H3N2 တွေ့ရတယ် လို့ နောက်ဆုံးသတင်းတွေ ထွက်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ ။ ။ မှန်ပါတယ်။ ကလေးတစ်ယောက်က H1N1 တွေ့ပြီးတော့ တစ်ယောက်က ယာယီတုပ်ကွေးအမျိုးအစား H3 N2 တွေ့ပါတယ်။ သူက ဧရာဝတီတိုင်းက လာတာပါ။ ဧရာဝတီတိုင်းကနေပြီးတော့ ရန်ကုန်ဆေးရုံကြီးကို လာတက် တာပါ။ ရန်ကုန် ရန်ကင်းကလေးဆေးရုံကြီးမှာ ကလေးနှစ်ဦးပါ။ ကလေးနှစ်ဦးမှာ တစ်ယောက်ကတော့ H1N1 ၊ တစ်ယောက်ကတော့ H3N2 ပေါ့။ နောက်တစ်ခုကတော့ ရန်ကုန်ဆေးရုံကြီးမှာ တစ်ဦးပါ။

မေး ။ ။ ပြည်သူတွေအကြား ဒီရောဂါနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေပါတယ်။ စိုးရိမ်သင့်တဲ့အခြေအနေလား၊ စိုးရိမ်ဖို့မသင့်တဲ့အခြေအနေလား။ ဒါနဲ့ပတ်သက်ပြီး ဘာများ ပြောကြားချင်ပါသလဲ။

ဖြေ ။ ။ ကိုယ်ခံစွမ်းအား မြှင့်တင်ခြင်း၊ လက် မကြာခဏ ဆေးခြင်း၊ ပါးစပ်၊ နှာခေါင်းစည်း အသုံးပြုခြင်း၊ လူစုလူဝေးရှိရာကို ရှောင်ရှားခြင်း၊ ရောဂါဖြစ်ပွားသူတွေကို သီးခြားထားရှိ ကုသခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့သူ တွေကို စောင့်ကြပ်ကြည့်ရှုခြင်းစတဲ့ နည်းလမ်းတွေ ဆောင် ရွက်ခြင်း၊ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ပါတယ်။

မေး ။ ။ ထားဝယ်ဘက်က ကြက်ခြံတစ်ခုမှာလည်း H5N1 ကြက်ငှက်တုပ်ကွေးတွေ့ ရှိတယ်လို့ ကြားရပါတယ်။ ဒါကိုရော ဘယ်လိုဖြေရှင်းနေပါသလဲ။

ဖြေ ။ ။ ထားဝယ်ဘက်မှာ ဖြစ်ပွားနေတာက ကြက်ငှက်တုပ်ကွေးဖြစ်ပြီးတော့ ကြက်ခြံမှာ ဖြစ်ပွားတယ်လို့ သိရပါတယ်။ တိရစ္ဆာန်မှာ ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ထားဝယ်က ကြက်ခြံမှာ H5N1 ကြက်ငှက် တုပ်ကွေးတွေ့ရှိတယ်လို့ သတင်းဆက်သွယ်ပေးပို့တာလည်း ရှိပါတယ်။ ဒါကတော့ ကြက်ခြံကနေတစ်ဆင့် လူကို မကူးစက် အောင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန ကနေပြီးတော့ One Health Approach နည်းလမ်းနဲ့ ဆောင်ရွက်နေပါတယ်။

(သတင်းအဖွဲ့)
(၂၇-၇-၂၀၁၇) မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ကမ္ဘာ့အချောဆုံး အကျဉ်းသား

ကုသိုလ်ကံကတော့
more

Khwarnyo

Share  382 Views

share & earn aavapoint

Aavashare

2 Share  130 Views